2020 Advisory Board Meeting

2020 Advisory Board Meeting
2020 Advisory Board Meeting

Nov 12, 2020

2020 Advisory Board Meeting

၂၀၂၀ ပြည့်နှစ် ငြိမ်းဖောင်ဒေးရှင်း နှစ်ပတ်လည် အကြံပေးဘုတ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့များတွင် Zoom Application ကိုအသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် (၂) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ငြိမ်းဖောင်ဒေးရှင်း၏ အကြံပေးဘုတ် အဖွဲ့ဝင်များအားလုံး စုံညီစွာ တက်ရောက်ခဲ့ပါသည်။ 

နှစ်ပတ်လည် အကြံပေးဘုတ် အစည်းအဝေး ပထမနေ့အဖြစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ နံနက် (၉) နာရီအချိန်တွင် ယုံကြည်သက်ဝင် ကိုးကွယ်ရာဘာသာအလိုက် တစ်မိနစ် ငြိမ်သက်စွာ ဆုတောင်းခဲ့ကြပြီး အစည်းအဝေးကို စတင်ခဲ့ပါသည်။

ထို့နောက် အစည်းအဝေး အစီအစဉ်များကို အကြံပေးဘုတ်လူကြီးမင်းများက အတည်ပြု၍ သဘာပတိ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ငြိမ်းဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဒေါ်အယ်(လ်)ဂျာနန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ ၂၀၁၉ ခုနှစ်၊ အကြံပေးဘုတ် အစည်းအဝေးမှတ်တမ်း ဖတ်ကြားခြင်းနှင့် အတည်ပြုခြင်း၊ အလုပ်အမှုဆောင်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ တင်သွင်းခြင်း၊ အစီအစဉ် မဟာဗျူဟာကို တင်ပြခြင်း၊ ဌာနအလိုက် လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး ပထမနေ့ကို မွန်းလွဲ (၄) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

နှစ်ပတ်လည် အကြံပေးဘုတ် အစည်းအဝေး ဒုတိယနေ့အဖြစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၁) ရက်၊ နံနက် (၉) နာရီအချိန်မှ စတင်ကာ ဌာနအလိုက် လုပ်ငန်းအစီရင်ခံစာများကို ဆက်လက်တင်သွင်းခြင်း၊ အတည်ပြုချက် ရယူမည့် မူဝါဒများကို တင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး (၂၀၁၉) ခုနှစ်တွင် အဖွဲ့အစည်း၏ ဆောင်ရွက်မှုများအပေါ် နှစ်ပတ်လည် သုံးသပ်ချက်ကို ဒါရိုက်တာ (မူဝါဒနှင့် မဟာဗျူဟာ) ဒေါ်ဇက်နန်ရော်က တင်ပြခဲ့ပါသည်။ ထို့နောက် အမှုဆောင်ဒါရိုက်တာ ဒေါ်အယ်(လ်)ဂျာနန်က မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်ချက်ကို တင်ပြကာ အကြံပေးဘုတ်လူကြီးမင်းများက အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေး နိဂုံးချုပ်အမှာစကားကို အကြံပေးဘုတ် သဘာပတိ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) က ပြောကြားကာ ငြိမ်းဖောင်ဒေးရှင်း ၂၀၂၀ ပြည့်နှစ်၊ နှစ်ပတ်လည် အကြံပေးဘုတ် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။