Jan 26, 2021
ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော ဆုံရပ်စီမံကိန်းသည် တတိယအကြိမ် ချင်းပြည်နယ် ဆုံရပ်စကားဝိုင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်၊ အင်္ဂါနေ့တွင် အွန်လိုင်း (Zoom Visual Meeting) မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုစကားဝိုင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဦးစီးမှူး၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ လူငယ်ခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ စသည့် ဖိတ်ကြားထားသူ (၃၁) ဦးတို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆုံရပ်စကားဝိုင်းတွင် အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာနှင့် ပတ်သက်ပြီး ပြည်သူတို့ သိရှိနားလည်ထားရမည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေတို့ကို ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဦးစီးမှူးကလည်းကောင်း၊ လူငယ်ရေးရာမူဝါဒ အကြောင်းအရာများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးကလည်းကောင်း အသီးသီး တင်ပြခဲ့ကြပြီး ပါဝင်တက်ရောက်သူများက အလွတ်သဘော ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ဤဆုံရပ်စကားဝိုင်းကို ပြည်နယ်အတွင်း အကျိုးပြုလုပ်ငန်းဆောင်တာများကို ပြဋ္ဌာန်းချက်နှင့်အညီ ပူးပေါင်းပါဝင်နိုင်သည့် အခန်းကဏ္ဍများ သိရှိနိုင်ရန်၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လေးလေးနက်နက် နားလည်သဘောပေါက်စွာ သုံးသပ်နိုင်ရန်အတွက် အလွတ်သဘော ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။