Interfaith Youth Forum 2020 – IYCAP

Interfaith Youth Forum 2020 – IYCAP
Interfaith Youth Forum 2020 – IYCAP

Dec 14, 2020

Interfaith Youth Forum 2020 – IYCAP

“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း” သည် “ယုံကြည်မှုဖြင့် ကုစားခြင်း” ခေါင်းစဥ်ဖြင့် “ ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ငြိမ်ချမ်းရေးဖိုရမ်” ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၃၀) ရက်နှင့် ဒီဇင်ဘာလ (၁) ရက်တို့တွင် Zoom Application ကို အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် (၂) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖိုရမ်သို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဘာသာရေးခေါင်းဆောင်များနှင့် ယုံကြည်မှုပေါင်းစုံလူငယ်များ စုစုပေါင်း (၁၃၀) ဦး တက်ရောက်ခဲ့ပါသည်။

“ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ငြိမ်ချမ်းရေးဖိုရမ်” ဖိုရမ် ပထမနေ့အဖြစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၃၀) ရက်၊ နံနက် (၉:၃၀) နာရီအချိန်တွင် တက်ရောက်သူများမှ မိမိတို့၏ ယုံကြည်သက်ဝင် ကိုးကွယ်ရာဘာသာအလိုက် (၃) မိနစ်ခန့် ငြိမ်သက်စွာ ဆုတောင်းခဲ့ကြပြီး ဖိုရမ်အား စတင်ခဲ့ပါသည်။ ထို့နောက် ငြိမ်းဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဒေါ်အယ်(လ်)ဂျာနန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးသောင်းထိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် အစီအစဥ်အရ “ယုံကြည်မှုဖြင့် ကုစာခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်း အစီအစဥ်အား ငြိမ်းဖောင်ဒေးရှင်း အကြံပေးဘုတ်အဖွဲ့ဝင် ဆရာတော် (၄) ပါးဖြစ်ကြသော ဒေါက်တာ အရှင်ပညောဘာသ (ပန်းပျိုးလက်)၊ ဒေါက်တာ လှထွန်း (သာသနာပြု/ အကျိုးတော်ဆောင်)၊ ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလုလင်) နှင့် သိက္ခာတော်ရ ဆရာစောရွှေလင်းတို့က ပါဝင်ဆွေးနွေးခဲ့ပြီး အစီအစဥ်မန်နေဂျာ ဆရာမဒေါ်လွမ်ရာက စကားဝိုင်းပံ့ပိုးသူအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် အောက်စဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိက “ယုံကြည်မှုဖြင့် ကုစားခြင်း” ခေါင်းစဉ်ဖြင့် မိန့်ကြားခြင်းနှင့် အမေးအဖြေ အစီအစဥ်အား ဆောင်ရွက်ပြီးနောက် တစ်နေ့တာ အစီအစဥ် ပြန်လည်သုံးသပ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖိုရမ် ပထမနေ့အစီအစဉ်အား ညနေ (၄း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် “ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ငြိမ်ချမ်းရေးဖိုရမ်” ဒုတိယနေ့ အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ပြီး တက်ရောက်သူများမှ မိမိတို့၏ ယုံကြည်သက်ဝင် ကိုးကွယ်ရာဘာသာအလိုက် (၃) မိနစ်ခန့် ငြိမ်သက်စွာ ဆုတောင်းခဲ့ကြကာ ဖိုရမ်ဒုတိယနေ့အား စတင်ခဲ့ပါသည်။

ထို့နောက် ငြိမ်းဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဒေါ်အယ်(လ်)ဂျာနန်က မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ယုံကြည်မှုပေါင်းစုံမှ လူငယ်များအား ဝေမျှ ပြောကြားပေးခဲ့ပြီး လူငယ်များမှ ဆွေးနွေးမေးမြန်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် တက်ရောက်လာသော လူငယ်များမှ ဖိုရမ် (၂) ရက်တာ တင်ပြသွားသည့် အကြောင်းအရာများအပေါ် အဖွဲ့လိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဖိုရမ် နိဂုံးချုပ် အမှာစကားအား IYCAP စီမံကိန်း၏ စီမံကိန်းမန်နေဂျာ ဦးစိုးဇာနည်မော်က ပြောကြားပေးခဲ့ပြီး “ယုံကြည်မှုပေါင်းစုံမှ လူငယ်များငြိမ်ချမ်းရေးဖိုရမ်” အား အောင်မြင်စွာ ပြီးဆုံးစေခဲ့သည်။

ယုံကြည်မှုပေါင်းစုံလူငယ်များ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ကြသည့် စီမံကိန်းဧရိယာ (၄) ခုမှ ယုံကြည်မှုပေါင်းစုံ လူငယ်များသည် မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဥ်အား သိရှိသွားစေရန်၊ ယုံကြည်မှုပေါင်းစုံလူငယ်များအနေဖြင့် COVID-19 ရောဂါ ရင်ဆိုင် ကြုံတွေ့နေရချိန်တွင် “ယုံကြည်မှုအားဖြင့် ကုစားခြင်း” ဆိုသည့် အသိပညာအား ရရှိပြီး စိတ်ပိုင်းဆိုင်ရာ ခွန်အားများတိုးတက်လာစေရန်၊ ငြိမ်းချမ်းရေး ဖြစ်စဥ်တွင် ယုံကြည်မှုပေါင်းစုံလူငယ်များ၏ အမြင်များ၊ ဆွေးနွေးချက်များဖြင့် ပူးပေါင်းပါဝင်မှု မြင့်တက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဤ “ယုံကြည်မှုပေါင်းစုံလူငယ်များ ငြိမ်းချမ်းရေးဖိုရမ်” ကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။