Interfaith Youth Peace Forum (Mon)

Interfaith Youth Peace Forum (Mon)
Interfaith Youth Peace Forum (Mon)

Dec 20, 2019

Interfaith Youth Peace Forum (Mon)

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် တတိယအကြိမ် ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးဖိုရမ် (မွန်ပြည်နယ်) ကို ရာမညဟိုတယ်တွင် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ နံနက်ပိုင်းအစီအစဉ်တွင် ယုံကြည်မှုပေါင်းစုံမှ တက်ရောက်လာသူများက မိမိကိုးကွယ်ယုံကြည်ရာဘာသာအလိုက် ၂ မိနစ်ခန့် ငြိမ်သက်စွာ ဆုတောင်းခြင်းအစီအစဉ်ဖြင့် စတင်ခဲ့ပြီး IYCAP Alumni လူငယ်များမှ “သက်သေတည်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပါသည်။

၎င်းနောက် ငြိမ်းဖောင်ဒေးရှင်း၊ မွန်ပြည်နယ်ရုံး တာဝန်ခံ ဦီးမင်းအောင်ထူးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မွန်ပြည်နယ်)မှ ဒုဥက္ကဋ္ဌ ဆရာဦးအုန်းသောင်တို့မှ အမှာစကားပြောကြားကာ အခမ်းအနားအစီအစဉ်အား စတင်ခဲ့ပါသည်။ ထို့နောက် ငြိမ်းဖောင်ဒေးရှင်းမှ အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာက ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးဖိုရမ် ကျင်းပရခြင်း ရည်ရွယ်ချက်အား တင်ပြခဲ့ပြီး တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

အဆိုပါအစီအစဉ်ပြီးနောက်တွင် မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ သိက္ခာတော်ရ ဒေါက်တာအေးမင်းက “ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အနုပညာ” ခေါင်းစဉ်ဖြင့် လူငယ်များ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးဆိုင်ရာ တည်ဆောက်ခြင်း အသိပညာများ ပိုမိုသိရှိလာစေရန် ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

မွန်းလွဲပိုင်းအစီအစဉ်ကို တက်ရောက်လာသော ယုံကြည်မှုပေါင်းစုံလူငယ်များနှင့် လူငယ်ရေးရာကော်မတီ (မွန်ပြည်နယ်) လူငယ်များ၊ ဖိတ်ကြားထားသော ဘာသာအသီးသီးမှ ကိုယ်စားပြုလူငယ်များက “မေတ္တာအိမ်”  သီချင်းကို အတူတကွ သီဆိုဖျော်ဖြေခဲ့ကြပါသည်။

ထိုအစီအစဉ်ပြီးနောက် “ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးနှင့် လူငယ်များအခန်းကဏ္ဍ” စကားဝိုင်းကို မိဆာရာသန်းမြင့်ထွန်း၊ ကိုလင်းထက်အောင်၊ ကိုအောင်အောင်နိုင်နှင့် ကိုမျိုးကိုကိုဦးတို့က ၎င်းတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာအသီးသီးအား ယုံကြည်သက်ဝင်သူများအနေဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် Area Coordinator ကိုဝင်းကျော်ထွေးက တစ်ရက်တာ သုံးသပ်ခြင်း အစီအစဉ်ကို ဦးဆောင်ပံ့ပိုးပေးခဲ့ပြီး အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာ ကျေးဇူးတင်စကားပြောကြားကာ တတိယအကြိမ် ငြိမ်းချမ်းရေးဖိုရမ်အား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

See Gallery….