Merry Christmas – Yangon Head Office

Merry Christmas – Yangon Head Office
Merry Christmas – Yangon Head Office

Dec 23, 2019

Merry Christmas – Yangon Head Office

ငြိမ်းမိသားစု ခရစ္စမတ် ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ယနေ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနုလမ်းရှိ ငြိမ်းဖောင်ဒေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ငြိမ်းမိသားစုဝင်များ အားလုံးအတူတကွ ခရစ္စမတ်တေးသီချင်းများကို သီဆိုခဲ့ကြပြီး သဘာပတိ နော်ဂျူးလိယက်က သမ္မာကျမ်းစာဖတ်ကြားခြင်းနှင့် အဖွင့်ဆုတောင်းခြင်းဖြင့် အစီအစဉ်ကို စတင်ခဲ့ပါသည်။

အမှုဆောင်ဒါရိုက်တာ ဒေါ်အယ်(လ်)ဂျာနန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ဓမ္မတေးသီချင်းများကို ငြိမ်းမိသားစုဝင်များ အတူတကွ သီဆိုခဲ့ကြပါသည်။ ထို့နောက် ခရစ္စမတ်အကြောင်းကို ဆရာ ဦးဇော်လွမ်က ရှင်းလင်းမျှဝေပေးခဲ့ပါသည်။

ဆက်လက်၍ ငြိမ်းဖောင်ဒေးရှင်း အကြံပေးဘုတ်အဖွဲ့ဝင် သိက္ခာတော်ရ ဆရာတော် စောရွှေလင်းက အထူးဆုတောင်းပေးခဲ့ပြီး၊ ရန်ကုန် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဂျာနော်ဂျူနီယာက တရားဒေသနာဟောကြားပေးခဲ့ပါသည်။

ထို့နောက် အစီအစဉ်သို့ ကြွရောက်လာသော ငြိမ်းဖောင်ဒေးရှင်း အကြံပေးဘုတ်အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် သိက္ခာတော်ရ ဆရာတော် ဂျာနော်ဂျူနီယာက ကောင်းချီးပေးခဲ့ပါသည်။

ငြိမ်းဖောင်ဒေးရှင်း အကြံပေးဘုတ်အဖွဲ့ဝင်များဖြစ်ကြသည့် ပန်းပျိုးလက်ဆရာတော် ဒေါက်တာအရှင်ပညောဘာသနှင့် ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) တို့က ငြိမ်းမိသားစုဝင်များအတွက် တိုက်တွန်းအားပေးစကားတို့ကို ပြောကြားခဲ့ကြပါသည်။ ထို့နောက် ကြွရောက်လာသည့် ဧည့်သည်တော်များနှင့် ငြိမ်းမိသားစုဝင်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းမိသားစုဝင်များအတွက် ခရစ္စမတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး မိသားစုဝင်များကလည်း အချင်းချင်း မေတ္တာပြလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ကြကာ အစီအစဉ်ကို ပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

See More Photos in Gallery as per the following link