Jan 2, 2021
ဆုံရပ်စီမံကိန်းမှ စနေကျောင်း အပတ်စဥ် (၂)၊ ဒုတိယသုတ်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်မှစတင်၍ ၂၀၂၁ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်အထိ Zoom Application ကိုအသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် သင်ကြားမှုအစီအစဉ်ကို အောင်မြင်စွာ ပြီးစီးဆောင်ရွက်နိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ အစိုးရရုံးဝန်ထမ်းများ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ၊ လူမှုအသင်းအဖွဲ့ခေါင်းဆောင်များ စုစုပေါင်း (၃၆) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
စနေကျောင်းသည် ရုံးချိန်ပြင်ပ တက်ရောက်သင်ကြားနိုင်ရန်အတွက် သင်ယူနိုင်မှုနေရာတစ်ခုဖြစ်ပြီး မတူညီသော နယ်ပယ်အသီးသီးတို့မှ အတူတကွလေ့လာသင်ယူခြင်းနှင့် အတွေ့အကြုံများဖလှယ်နိုင်ရန်အတွက် စီမံဖန်တီးထားသည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။
စနေကျောင်းကို သင်တန်းသူ/သား (၃၆) ဦးအတွက် သင်ကြားပို့ချပေးမည့် ငြိမ်းချမ်းရေးအတွေ့ကြုံရှိ ဝါရင့်ပညာရှင် (၇) ဦးနှင့် သင်တန်းသူ/သားများ အဖွဲ့လိုက် ဆွေးနွေးသည့်အခါတွင် ပိုမိုထိရောက်နိုင်ရန်အတွက် ဆုံရပ်စီမံကိန်းမှ စကားဝိုင်းပံ့ပိုးသူ (Dialogue Facilitators) များအဖြစ် လေ့ကျင့်ပျိုးထောင်ထားသော သင်တန်းပံ့ပိုးသူ (၁၁) ဦးတို့ဖြင့် ဖွဲ့စည်းထားပါသည်။
ဤသင်တန်းတွင် ပဋိပက္ခကိုင်တွယ်ဖြေရှင်းခြင်း၊ ဆက်သွယ်ခြင်းနှင့် ထိရောက်စွာနားထောင်ခြင်း၊ ပဋိပက္ခခွဲခြမ်းစိတ်ဖြာခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းနှင့် ကြားဝင်စေ့စပ်ဖြန်ဖြေခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းစသည့် အကြောင်းအရာများကို သင်ကြားပို့ချခဲ့သည့်အပြင် ငြိမ်းဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဒေါ်အယ်လ်ဂျာနန်က လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကိုလည်း မျှဝေခဲ့ပါသည်။
ပဋိပက္ခ၏ သဘောသဘာဝအကြောင်းကို ပိုမိုနားလည်လာပြီး ပဋိပက္ခများကို ကိုင်တွယ်စီမံခန့်ခွဲမှု စွမ်းရည်မြင့်တက်လာကာ နယ်ပယ်မတူသော လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် သဘောထားအမြင်များ တိုးတက်ပြောင်းလဲလာစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သည့် ငြိမ်းဖောင်ဒေးရှင်း၏ စနေကျောင်းတစ်ခုဖြစ်ပါသည်။