Dec 10, 2020
ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော ဆုံရပ်စီမံကိန်းမှ ပထမအကြိမ် ဆုံရပ်စကားဝိုင်း (ချင်းပြည်နယ်) ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၉) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၉) နာရီမှ ညနေ (၄) နာရီခွဲအချိန်အထိ Zoom Application ကိုအသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ငြိမ်းဖောင်ဒေးရှင်း ချင်းပြည်နယ်အကြံပေးအဖွဲ့မှ သိက္ခာတော်ရ ဒေါက်တာလာလ်အုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်က အမှာစကားပြောကြားကာ ဆုံရပ်စကားဝိုင်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။
ဆုံရပ်စကားဝိုင်းတွင် ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းဖောင်ဒေးရှင်း၏ ပြည်နယ်အကြံပေးအဖွဲ့ဝင်များ၊ စာပေနှင့်ယဥ်ကျေးမှုအဖွဲ့ဝင်များ၊ လူငယ်ရေးရာကော်မတီဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ရပ်ရွာခေါင်းဆောင်များ၊ လူငယ်အဖွဲ့နှင့် အမျိုးသမီးအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဤဆွေးနွေးပွဲတွင် အဓိကအားဖြင့် ချင်းပြည်နယ်၏ ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများအား အလွတ်သဘော ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ဤဆွေးနွေးပွဲကို ချင်းပြည်နယ် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား အလွတ်သဘော ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် ရည်ရွယ်၍ ပြုလုပ်သည့် အစီအစဥ်ဖြစ်ပါသည်။ ယခု ဆုံရပ်စကားဝိုင်းတွင် ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးတည်ဆောက်သူလူငယ်များ ပြုစုပျိုးထောင်သည့် အစီအစဉ်မှ အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာက စကားဝိုင်းပံ့ပိုးသူအဖြစ် ဦးဆောင်ပံ့ပိုးပေးခဲ့ပြီး ဆုံရပ်စီမံကိန်း၏ စီမံကိန်းမန်နေဂျာ ခင်လမ့်ကျင်၊ ချင်းပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံ ဦးဗန်ကျင်းထန်နှင့် စေတနာ့ဝန်ထမ်း ဒယ်နီယယ်တို့၏ ပံ့ပိုးဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။