Mar 5, 2020
၂၀၂၀ ပြည့်နှစ်၊ မတ်လ (၄-၅) ရက်နေ့တို့တွင် “မူဝါဒဖော်ထုတ်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အတွေ့အကြုံ နှီးနှောဖလှယ်ပွဲ” ကို ရန်ကုန်မြို့၊ အလုံလမ်းရှိ Summit Parkview Hotel ၌ ငြိမ်းဖောင်ဒေးရှင်း၊ သုတေသနနှင့် မူဝါဒရေးရာအစီအစဥ်၏ “ပြည်နယ်/တိုင်းဒေသကြီး အစိုးရနှင့် လွှတ်တော်များ၏ ပူးပေါင်းပါဝင်မှုများဖြင့် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ သုတေသနလုပ်ငန်းများမှတစ်ဆင့် ငြိမ်းချမ်းရေးဖြစ်စဥ်ကို ပံ့ပိုးရေး (STEP) စီမံကိန်း”က ကျင်းပပြုလုပ်ခဲ့ပါသည်။
နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီးများဖြစ်သော ရန်ကုန်၊ မကွေး၊ မန္တလေးနှင့် ပြည်နယ်များဖြစ်သော ကချင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့မှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အဆိုပါ လွှတ်တော်ရုံးများ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ လွှတ်တော်ရုံး အရာရှိ၊ အရာထမ်းဝန်ထမ်းများ၊ NCA-S EAO မှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အထက်ပါ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ CSOs Forum ကော်မတီဝင်များ၊ UCCPF မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားအား ငြိမ်းဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဒေါ်အယ်လ်ဂျာနန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ အခမ်းအနားကို စတင်ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes က အဖွင့်အမှာစကားကိုလည်းကောင်း၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အားပေးစကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြပါသည်။
ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ လွှတ်တော်များ၏ မူဝါဒ ဖော်ထုတ်ရေးလုပ်ငန်းစဉ်များတွင် နည်းပညာပိုင်းဆိုင်ရာအရလည်းကောင်း၊ လုပ်ငန်းစဉ်အဆင့်ဆင့်တွင်လည်းကောင်း ပံ့ပိုးပေးခြင်းနှင့်ပတ်သက်၍ အကျဉ်းချုပ်ကို စီမံကိန်းမန်နေဂျာ ဦးတက်ထွဋ်နိုင်က တင်ပြခဲ့ပြီး မူဝါဒ ဖော်ထုတ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ အယူအဆသဘောတရားများကို သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ဝင်းက ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်၍ အထက်ပါ လွှတ်တော် (၃) ခုမှ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ သုတေသနဌာနမှ ဝန်ထမ်းများက မူဝါဒဖော်ထုတ်ရေးလုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် ရရှိခဲ့သော အတွေ့အကြုံများကို နှီးနှောဖလှယ်ခဲ့ကြပြီး၊ ဆွေးနွေးချက်များ၊ မေးခွန်းမေးမြန်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေဆိုခဲ့ကြပါသည်။
ထို့နောက် စီမံကိန်းအရာရှိ နော်ဂျူးလိယက်က စီမံကိန်းလုပ်ငန်းစဉ်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရလဒ်များကို တင်ပြခဲ့ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းနှင့် ဆွေးနွေးချက်များကို ပြန်လှန်ထင်ဟပ် သုံးသပ်ခြင်းအစီအစဉ်ကို ဒါရိုက်တာ (မူဝါဒနှင့် မဟာဗျူဟာ) ဒေါ်ဇက်နန်ရော်က ဦးဆောင်ခဲ့ပါသည်။
ပထမနေ့၏ နောက်ဆုံးအစီအစဉ်အနေဖြင့် ဒုတိယနေ့၌ ဆွေးနွေးမည့် အကြောင်းအရာဖြစ်သော “ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံဆိုင်ရာ လုပ်ငန်းစဉ်များကို စီမံကိန်းမန်နေဂျာက ရှင်းလင်းတင်ပြပြီး အဆိုပါလုပ်ငန်းစဉ်နှင့်ပတ်သက်သော လတ်တလော ရလဒ်များအပေါ် လေ့လာသုံးသပ်ဆွေးနွေး၍ ပထမနေ့အစီအစဉ်များကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။
ဒုတိယနေ့အဖြစ် မတ်လ (၅) ရက်နေ့တွင် “ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံအခြေခံမူ” ဆိုင်ရာ လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ဦးတည်ဆွေးနွေးခဲ့ကြပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ စဝ်အောင်မြတ် က ရှမ်းပြည်နယ်လွှတ်တော် လုပ်ငန်းစဉ် မိတ်ဆက်ရှင်းလင်းခြင်းအစီအစဉ်ကို မျှဝေတင်ပြခဲ့ပါသည်။
ထို့နောက် ဖက်ဒရယ်နိုင်ငံများဖိုရမ် (Forum of Federations) မှ အစီအစဉ်မန်နေဂျာဖြစ်သူ ဆရာဦးထွန်းမင်းဦးက “ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံများ” နှင့်ပတ်သက်သော အခြေခံမူ အယူအဆသဘောတရားကို အကျဉ်းချုပ် တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းအရာရှိ ဦးရဲအောင်အောင်က ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံ အခြေခံမူဆိုင်ရာ သုတေသနလုပ်ငန်းစဉ်နှင့် စစ်တမ်းရလဒ်များကို အကျဉ်းချုပ် စုစည်းတင်ပြခဲ့ပြီး စီမံကိန်းမန်နေဂျာ ဦးတက်ထွဋ်နိုင်က အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အခြေခံမူဆိုင်ရာ အနှစ်ချုပ်ရလဒ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။
ယင်းနောက် ငြိမ်းဖောင်ဒေးရှင်း၏ ဒါရိုက်တာ (မူဝါဒနှင့် မဟာဗျူဟာ) ဒေါ်ဇက်နန်ရော်က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အကျဉ်းနှင့် ကျေးဇူးတင်စကားပြောကြားကာ မြန်မာနိုင်ငံ၏ အနာဂတ်ဆီသို့ မျှော်ကြည့်ခြင်း ရှုထောင့်မှ ကျင်းပပြုလုပ်သော “မူဝါဒဖော်ထုတ်ခြင်း လုပ်ငန်းစဉ်ဆိုင်ရာ အတွေ့အကြုံနှီးနှောဖလှယ်ပွဲ” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။