Mar 17, 2020
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း ၏ အစီအစဥ်တစ်ခုဖြစ်သော ယုံကြည်မှုပေါင်းစုံလူငယ်များ၏ ၂၀၂၀ ပြည့်နှစ် (ဧပြီ၊ မေ၊ ဇွန်) သုံးလပတ် လုပ်ငန်းစဥ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက် (တနင်္ဂနွေနေ့) တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၇) ရပ်ကွက်ရှိ စေတနာအလင်းအိမ် ပညာဒါနသင်တန်းကျောင်း၌ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဥ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အတွင်းမှ လူမှုရေး အသင်းအဖွဲ့များ၊ IYCAP Active Youth များ၊ IPB Alumni များ၊ HRT Alumni များနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ အမျိုးသား (၂၂) ဦး အမျိုးသမီး (၁၂) ဦး စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ကြပါသည်။
အစီအစဥ် ပထမအပိုင်းတွင် အမုန်းစကားမပြန့်ပွားရေး၊ သတင်းတု၊ သတင်းမှားများအပေါ် သုံးသပ်ခြင်းကို ကိုညီညီဇော် (မြန်မာမွတ်ဆလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေး) က ဦးဆောင်ဆွေးနွေး တင်ပြခဲ့ပြီးနောက် တက်ရောက်လာသူများမှ ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်လာရခြင်း အကြာင်းအရာနှင့်စပ်လျဥ်း၍ မေးခွန်း မေးမြန်းခြင်း၊ အပြန်အလှန် နှီးနှောဖလှယ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ အစီအစဥ် ဒုတိယအပိုင်းတွင် ယုံကြည်မှုပေါင်းစုံ လူငယ်များမှ လူမှုရေးလုပ်ငန်းလုပ်ဆောင်ခြင်း၏ ဘုံတန်ဖိုးထားမှုများကို ဖေါ်ထုတ်ခဲ့ကြပြီးနောက် ၂၀၂၀ ပြည့်နှစ် ဧပြီ၊ မေ၊ ဇွန် သုံးလတာအတွင်း လုပ်ဆောင်သွားမည့် ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးလုပ်ငန်း အစီအစဥ်များအား ပူးပေါင်းပါဝင်ချမှတ် ရေးဆွဲခဲ့ကြပါသည်။ ထို့နောက် စီမံကိန်းမန်နေဂျာ ဦးစိုးဇာနည်မော်က အားပေးတိုက်တွန်းစကားနှင့် ကျေးဇူးတင်စကား ပြောကြားကာ အစီအစဥ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
အဆိုပါအစီအစဥ်အား ပဲခူးခရိုင်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လူငယ်များ၊ IYCAP စီမံကိန်းမှ လူငယ်များပူးပေါင်း၍ ဧပြီ၊ မေ၊ ဇွန်လ သုံးလတာတွင်း ပြုလုပ်မည့် ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ချမှတ်ရေးဆွဲနိုင်ရန်၊ ယုံကြည်မှုမတူညီသော လူငယ်များမှ အမုန်းစကား မပြန့်ပွားရေးနှင့် ပတ်သက်ပြီး ဘာသာရေးပဋိပက္ခများ သုံးသပ်ဆန်းစစ်မှုစွမ်းရည် မြှင့်တင်နိုင်ရန်၊ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ရာတွင် ခိုင်မာသော ကွန်ရက်ချိတ်ဆက်လုပ်ဆောင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အစီအစဥ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အစီအစဥ်အား IYCAP စီမံကိန်း ဝန်ထမ်းများဖြစ်သော ကိုရဲလင်းထွန်း (Area Coordinator)၊ မခွါညိုသင်း (Assistant Area Coordinator)တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။