Dec 21, 2020
ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း” အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၀) ရက်တွင် Religious Exposure Activity အဖြစ် အစ္စလာမ် ဘာသာတရားအကြောင်း လေ့လာခြင်း အစီအစဉ်အား အွန်လိုင်းမှတစ်ဆင့် Zoom Application ကို အသုံးပြုကာ နံနက် (၉:၃၀) မှ မွန်းလွဲ (၁၂:၃၀) အထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ အစီအစဥ်တွင် ကရင်ပြည်နယ်အတွင်းရှိ ယုံကြည်မှုပေါင်းစုံမှ လူငယ်များ အမျိုးသား (၁၇) ဦး၊ အမျိုးသမီး (၁၄) ဦး၊ စုစုပေါင်း (၃၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
အစီအစဥ်တွင် ယုံကြည်မှုပေါင်းစုံ လူငယ်များမှ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာတရားအလိုက် ဆုတောင်းမေတ္တာပို့သခြင်းဖြင့် အစီအစဉ်ကို စတင်ခဲ့ပြီး အစီအစဥ်ရည်ရွယ်ချက်နှင့် အစီအစဥ်အား ပိုမိုထိရောက်စေရန် လိုက်နာဆောင်ရွက်ပေးရန် အချက်များအား ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်သူများမှ အချင်းချင်းမိတ်ဆက်ခြင်း အစီအစဥ်များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ကရင်ပြည်နယ် “အိုလမာဟ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်” ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သော ဆရာဦးငွေစိုးက အစ္စလာမ်ဘာသာတရားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ယုံကြည်မှုပေါင်းစုံမှ လူငယ်များ၏ သိရှိလိုသော အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးပေးခဲ့ပါသည်။
ဤအစီအစဥ်အား ယုံကြည်မှုပေါင်းစုံမှ လူငယ်များအနေဖြင့် အစ္စလာမ်ဘာသာတရား အကြောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား လေ့လာနိုင်စေရန်နှင့် ဘာသာတရားများ၏ တန်ဖိုးထားမှုနှင့် ရိုးရာအလေ့အထများအကြောင်း ပိုမိုသိရှိလာကာ အချင်းချင်းပူးပေါင်းဆောင်ရွက်ရာတွင် အပြန်အလှန် နားလည်မှု ပိုမိုအားကောင်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အစီအစဥ်အား IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော မသူသူထွေး (Area Coordinator) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator) တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။