Thadingyut Festival

Thadingyut Festival
Thadingyut Festival

Oct 22, 2019

Thadingyut Festival

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်၊ စနေနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်း (၃) ရပ်ကွက်ရှိ ဣစ္ဆာသယ (၁) လမ်း၌ ယုံကြည်မှုပေါင်းစုံလူငယ်များ၏ စတုဒိသာကျွေးမွေးခြင်းနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစီအစဉ်ကို ယုံကြည်ကိုးကွယ်မှုစုံလင်ကွဲပြားသော လူငယ်များအနေဖြင့် ဘာသာတရားများနှင့်ပတ်သက်သော အထိမ်းအမှတ်ပွဲများ၏ သမိုင်းကြောင်းများအား သိရှိကာ ၎င်းတို့၏ အနှစ်သာရ ယုံကြည်မှုတန်ဖိုးထားမှုများအား လေးစားတန်ဖိုးထားလာစေရန်၊ လူမှုရေးလုပ်ဆောင်မှုများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမှုတည်ဆောက်နိုင်ပြီး အပြုသဘောဆောင်သော လုပ်ကိုင်တတ်မှုမှတစ်ဆင့် အတွေ့အကြုံများ ရင့်သန်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ယင်းအစီအစဥ်တွင် မိသားစုဝင်များနှင့် ရပ်မိရပ်ဖများက စတုဒိသာ အလှူဖြစ်မြောက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးခဲ့ကြသည်။ လူငယ်များကိုသာမက ကလေးငယ်များကိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပရခြင်း၏ အနှစ်သာရတန်ဖိုးထားမှုများကို ဝေမျှဆွေးနွေးပေးနိုင်ခဲ့ပြီး ဆီမီးထွန်းခြင်း၊ မီးပန်းများ ထွန်းညှိခြင်း၊ မီးပုံးပျံများလွှတ်တင်ခြင်းတို့ကို ရန်ကုန် IYCAP Alumni များ၊ ရပ်ကွက် လူငယ်များနှင့် ကလေးငယ်များ အတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။