Sep 16, 2020
SuN-Live စီမံကိန်းမှ “၂ နှစ်အောက်ကလေးသူငယ် အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးခြင်း TOT သင်တန်း” ကို ငြိမ်းချမ်းရေးဂေဟာ (နောင်နန်း) ၌ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်မှ ၁၀ ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ၄ ရက်တာ ပြုလုပ်ကျင်းပခဲ့ပါသည်။
စီမံကိန်းမန်နေဂျာ ဦးဆိုင်မွန်က မိတ်ဆက်စကားပြောကြား၍ သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းအဖွင့်အမှာစကားကို ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေးက ပြောကြားခဲ့ပါသည်။ အဆိုပါ ၄ ရက်တာသင်တန်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ Nutrition Team မှ Dr. James Saing Paung ၊ Sayarma Daw Thi Thi Lwin, Sayarma Daw Jone Naw, Sayarma Daw Moe Ma Aye တို့က ဦးစီးသင်ကြားပေးခဲ့ပါသည်။ သင်တန်းကို မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ရှိ IDPs Camps (၁၂) ခုမှ စေတနာ့ဝန်ထမ်း (၁၂) ဦး (ကျား (၃) ဦး၊ မ (၉) ဦး) နှင့် SuN-Live စီမံကိန်းမှ ဝန်ထမ်းများဖြင့် စုစုပေါင်း (၁၈) ဦး (ကျား (၇) ဦး၊ မ (၁၁) ဦး) တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
သင်တန်းဆရာ/ ဆရာမများမှ သားမြတ်၏ ခန္ဓာဗေဒ၊ မိခင်မှ ကလေးနို့တိုက်ရမည့်ပုံစံ ရှင်းလင်းခြင်းနှင့် မှန်ကန်စွာ ကလေးပွေ့ချီနည်း၊ ဉာဏ်ရည်ဖွင့်ဖြိုးမှုဆိုင်ရာ ရှင်းလင်းချက်၊ ၂ နှစ်အောက်ကလေးသူငယ် အစာကျွေးခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင်နှင့် မီးဖွားပြီး ကောင်းကျိုးပြု အစားရှောင်နည်း၊ မကျန်းမာသော ကလေးအစာကျွေးခြင်း၊ ဖြည့်စွက်အစာကျွေးခြင်း၊ အဟာရမပြည့်ဝသော ကိုယ်ဝန်ဆောင်မိခင်ကို အဟာရ ရရှိစေရန် ကျွေးမွေးနည်း၊ အဟာရမပြည့်ဝသော ကလေးကို အဟာရ ရရှိစေရန် မည်သို့ ပြုစုစောင့်ရှောက်ခြင်း၊ အဟာရမပြည့်ဝသော ဆယ်ကျော်သက်မိန်းကလေးကို အဟာရ ရရှိစေရန် မည်သို့ကျွေးမွေးခြင်း၊ အသက် (၅) မှ (၉) အထိ မိန်းကလေးကို အဟာရပြည့်ဝရန် မည်သို့ ပြုစုစောင့်ရှောက်ခြင်း၊ အဟာရမပြည့်ဝသော အမျိုးသမီး၏ ဖြစ်နိုင်ခြေ အကျိုးဆက်များ၊
မိခင်နှင့်ကလေးအဟာရတွင် အမျိုးသားများ၏ အခန်းကဏ္ဍအပေါ်တုံ့ပြန်ချက်၊ နားထောင်ခြင်းနှင့် လေ့လာဆည်ပူးခြင်း စွမ်းရည်များ အသုံးပြုခြင်း၊ ယုံကြည်မှု ထူထောင်ခြင်းနှင့် အထောက်အကူပေးခြင်း စွမ်းရည်အသုံးပြုခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သတ်၍ အရေးပေါ်အခြေအနေတွင် ကလေးသူငယ်များအား အစာကျွေးခြင်း (စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ ကလေးသူငယ်များအပေါ် အန္တရာယ်များ၊ ရိုးရာအယူအဆအမှားကို သတင်းအချက်အလက်ပေးခြင်း၊ လိုအပ်ချက်များဖြည့်သွင်းနိုင်ရန် ရိုးရှင်းသောနည်းလမ်းများဖြင့်ကူညီခြင်း၊ ကလေးသူငယ်အစာကျွေးခြင်းနှင့် စပ်လျဉ်းသည့် လက်ရှိသတ်မှတ်ထားသော အလေ့အကျင့်များ)၊ အမူအကျင့်အဆင့်ဆင့်ပြောင်းလဲရာတွင် စေတနာ့ဝန်ထမ်း၏ အခန်းကဏ္ဍ၊ နှစ်သိမ့်ဆွေးနွေးခြင်းပြုလုပ်ပုံ အဆင့် (၃) ဆင့်၊ ၂ နှစ်အောက်ကလေးသူငယ် အစာကျွေးခြင်း အထောက်အကူပြုအဖွဲ့ဆွေးနွေးခြင်း၊ ၂ နှစ်အောက်ကလေးသူငယ် အစာကျွေးခြင်း အမူအကျင့်ပြောင်းလဲရန် တက်ကြွလှုပ်ရှားအုပ်စုများ ဆွေးနွေးပွဲဆောင်ရွက်ခြင်း၊ နို့တိုက်မိခင်များနှင့်လက်တွေ့စစ်တမ်းကောက်ယူခြင်းများကို သင်ကြားပို့ချခဲ့ပါသည်။